အုတ်တွင်း စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်) ကြက်သွန်ခင်း(၁)ကျောင်းသို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်း၊နည်းပညာဌာနခွဲ တာဝန်ခံဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဖြစ်ပေါ်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိပါက တိုင်ကြားနိုင်ခြင်းများ အကြောင်းအရာအားလည်းကောင်း၊ ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံ၊ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်က စားသုံးရန်၊ သုံးစွဲရန်မသင့်သော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ အကြောင်းများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ကိုယ်ကာယ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများ ရရှိစေရန် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)