အမာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် မြို့မ(၂)ရပ်ကွက်ရှိ ပျံကျဈေးတွင် ဈေးရောင်းချ သူများအား ပလပ်စတစ်အစားထိုးအသုံးပြုရေးနှင့် ပြည်သူများသိရှိနိုင်စေရန် အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နနက်(၆)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက “ကမ္ဘာမြေကြီးကျန်းမာဖို့ ပလပ်စတစ်အိတ်ကို ရှောင်ကျဉ်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပလပ်စတစ်မသုံးစွဲကြရန်၊ ပလပ်စတစ်အိတ် သုံးစွဲခြင်းဖြင့် ကျန်းမာရေးကိုထိခိုက် စေနိုင်ကြောင်း၊ ပလပ်စတစ်အိတ်နှင့် ပူလောင်သော အစားအစာများကို သယ်ဆောင်ခြင်းဖြင့် ပလပ်စတစ်မှတဆင့် စိမ့်ထွက်လာသည့် ဓာတုပစ္စည်းများ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ကြောင်းနှင့် ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှု၊ ကိုယ်လက်အင်္ဂါမပြည့်စုံမှု၊ ကိုယ်ခံအားကျဆင်းမှု၊ ဟော်မုန်းဆိုင်ရာ ပျက်စီးမှုနှင့် အစာအိမ်လမ်းကြောင်းတလျှောက် ပျက်စီးနိုင်ကြောင်း၊ ဈေးရောင်းချ သူများအနေဖြင့် အသား၊ ငါးများ အစားအသောက်များ ရောင်းချရာတွင် ပလပ်စတစ် အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာ စက္ကူ၊ စတီးချိုင့်များကို အစားထိုးအသုံးပြုကြရန် စသည့်အကြောင်း အရာများကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အမာမြို့စည်ပင်သာယာရေးကော်မတီအနေဖြင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရ သောနေ့အဖြစ် အသိပညာပေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အမာ(ပြန်/ဆက်)