ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ကျိုက်လတ်  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင် ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယမန်နေ့ နံနက်(၉)နာရီက ကတိုက်ကျီးဝိုင်းကျေးရွာအုပ်စု၊ ကတိုက်ကျီးဝိုင်း ကျေးရွာရှိ အောက်မေ့ဘွယ် ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဝင်းနှင့် မြို့နယ်ဌာန ဆိုင်ရာများက ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကျေးရွာနေ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပြီးစီးရေး၊ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင်ရေးအတွက် မိဘပြည်သူများအားလုံး ပူးပေါင်း ပါဝင်နိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုများနှင့်စာတတ်သူတိုင်း စာပေဖတ်ရှုလေ့လာနိုင်ရေး တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက   ကျေးရွာနေ ပြည်သူများ တင်ပြလာသော  ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်သူများအား အိမ်ထောင်စု စာရင်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်