လွိုင်ကော် စက်တင်ဘာ ၇
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူ ဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် (၂)နာရီ အချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ (မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ကျောင်းထိုင် ဘုန်းတော်ကြီးသင်တန်းကျောင်း ဆရာတော်ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူ ကြည်ညိုကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က သာသနာရေး ဆိုင်ရာများကိုလျှောက်ထားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များ နှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓ သာသနံစိရံ တိဌတု” သုံးကြိမ်ရွတ်ဆို အဓိဌာန်ပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဆွမ်းဆန်တော်နှင့်ဆီများ လှူဒါန်းရာတွင် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ကယားပြည်နယ်အတွင်း မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၂၂၆)ကျောင်းမှ သံဃာတော်(၁၅၁၇)ပါး သီလရှင်ကျောင်း ပေါင်း(၃)ကျောင်း မှ သီလရှင် (၁၀၅)ပါး စုစုပေါင်း သံဃာတော်များနှင့် သီလရှင် (၁၆၂၂) ပါးတို့အား ဆွမ်းဆန်တော် ၂၄ ပြည်အိတ်(၂၀၃)အိတ်၊ ဆီ (၃၂၄.၄)ပိသာ၊ စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ်(၁၃၃၉၄၀၀၀) လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)