ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ နောင်ယားကန်သာ(သဘာဝရေပြင်)၌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်

လွိုင်ကော်      စက်တင်ဘာ   ၇ 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍရေးနှစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း နှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က လွိုင်ကော်မြို့ နောင်ယားကန်သာ (သဘာဝရေပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ ငါးမွေးတောင်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့မှ သဘာဝရေပြင်အတွင်း ငါးသယံဇာတ ပေါများစေရန်ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး တာဝန်ရှိသူများက နောင်ယားကန်(သဘာဝရေပြင်)၌ ငါးမျိုး (၁၀၀၀၀၀) ကို စုပေါင်းငါးမျိုးစိုက်ထည့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒေသအတွင်း ငါးစားသုံးမှုဖူလုံစေရန်ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက သတ္တပလူ ကျေးရွာအခြေပြု ငါးမွေးတောင်သူ (၅) ဦးထံသို့ ၂လက္မအရွယ်ရှိ ငါးခုံးမ ကောင်ရေ (၅၀၀၀၀) အား ပေးအပ်ခဲ့ကြောင်း သိရသည်။

 ကိုဇင်(လွိုင်ကော်)