မင်းလှမြို့နယ် ပင်္ဂကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

အထက်မင်းလှ စက်တင်ဘာ ၇

မ​ကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်​၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီက ပင်္ဂကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က  ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊  စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးနိုင်ရေး၊ လူဦးရေစာရင်းကောက်ယူနေမှုများ၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများ ကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး ကျော်သန်း၊ မီးသတ်ဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဌာနအလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးခဲ့ကြပြီး တက်​ရောက်လာသည့်​ ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆) ပျက်စီး ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)