မင်းလှမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး

အထက်မင်းလှ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်က မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဌာနဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်တာဝန် ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှ အလေးထားလိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနနှင့်ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ရာ တွင် အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအလေးထား ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)