ကမမောင်း၊ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ သံလွင်ဦးစျေးပတ်ဝန်းကျင်ရှိလမ်းမကြီးပေါ်တွင် နှာခေါင်စည်း (Mask) မတပ်ဆင်ပဲလမ်းမပေါ်တွင် သွားလာနေကြသူများအား နှာခေါင်းစည်း (Mask) အား ချက်ချင်းဝယ်ယူ၊ ချက်ချင်းတပ်စေခြင်းဖြင့် ပညာပေးခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပညာပေးဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူနှင့်ဌာနဆိုင်ရာတာဝန်ခံများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လမ်းမပေါ်နှင့်လူစည်ကားရာနေရာများသို့သွားလာကြလျှင် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာတတ်သည့်အလေ့အကျင့်များရှိစေရေး ပညာပေးပြောဆိုခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်။ ယခုလအတွင်း ကမမောင်းမြို့တွင် လူစည်ကားသောစျေးနှင့် ကားဂိတ်၊ စက်လှေဂိတ်များတွင် မြို့အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မြို့ကြက်ခြေနီအသင်းတို့မှ ပြည်သူများကိုနှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း(mask campaign)များကို (၃) ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
လူစုလူဝေးများမှရှောင်ကျဉ်နိုင်စေရေး၊ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ၌ အုပ်စုဖွဲ့ဆိုင်ထိုင်စားသောက်ခြင်းများမပြုလုပ်ကြရန် မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူများက ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အပတ်စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)