ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အခြေခံလူတန်းစားများအား စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ဘားအံ စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှု၊  ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် ယနေ့နံနက်(၉:၀၀)နာရီခန့်က အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်းနှင့် အမှတ်(၂)ရပ်ကွက်များရှိ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀၊ ဆီတစ်ဘူးလျှင် ငွေကျပ် ၂၈၀၀၊ ဆန်အိတ်(၂၀)အိတ်၊ ဆီ(၁၀)ဖာ၊ ကြက်ဥ(၂၀)ကတ်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး ထိုသို့ရောင်းချပေးမှုအပေါ် အမှတ်(၁)ရပ်ကွက် အုတ်ဖို(၃)လမ်းနေသူ ဦးကြည်ဝင်းက “ယခုလို ကျွန်တော်တို့ အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ လာရောက်ရောင်းချပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်များလည်း လာရောက်ပြီးရောင်းချပေးစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအခြေခံစားသောက်ကုန်များအား ဘားအံမြို့ပေါ်ရှိ ရပ်ကွက်(၉)ခုနှင့် ဘားအံမြို့အနီး ပတ်ဝန်းကျင်ရှိကျေးရွာများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)