ကရသူရိ စက်တင်ဘာလ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောင်းသား/သူများက ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ်၊ နှစ်တိုင်းကျင်းပပြုလုပ်ပေးလျက်ရှိရာ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/သူများ၏ စိတ်ဓာတ်မြှင့်တင်သည့် ခွန်အားများကိုဖြစ်ပေါ်စေပါကြောင်း၊ ကြိုးစား/ အားထုတ်လိုသည့် အသိပညာများ ရရှိကာ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေပါကြောင်း၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/မိဘများကလည်း ကျောင်းသား/သူများ ယခုထက် ပိုမိုကြိုးစား အားထုတ်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းသား/သူများ အနေဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကြိုးစားကာ မိမိတို့၏အနာဂတ်လှပရေးကို ပုံဖော်ဆောင်ရွက်သင့်ပါကြောင်းနှင့် အနာဂတ်သားကောင်းရတာနာ ကျောင်းသား/သူများ ပေါ်ထွန်းစေရေး စနစ်တကျ သင်ကြားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲကို မူလတန်းအဆင့် ဆုရရှိကျောင်းသား/သူများအား ကျောင်းအကျိုးဆောင်အဖွဲ့များက လည်းကောင်း၊ အလယ်တန်း အဆင့်အား ကျောင်းသားမိဘများနှင့် မြို့အဆင့်ဌာနဆိုင်ရာများက လည်းကောင်း၊ အထက်တန်း အဆင့်အား မြို့အုပ်ချုပ်ရေးမှူးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)