ကသာ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အပူချိန်မြင့်တက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အိနြ္ဒာလမင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း၏ ခြိမ်းခြောက်မှုများ၊ ကမ္ဘာ့အပူချိန်မြင့်တက်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၏ နောက်ဆက်တွဲပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း စသည်များကို ဟောပြောပြီး၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဖြစ်ပေါ်လာပုံ၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်သော အကြောင်းအရာများ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့် နည်းလမ်းများ၊ အိမ်တွင်း လေထုညစ်ညမ်းမှု ကိုကာကွယ်ရန်၊ လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်များ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများအကြောင်းတို့ကို ဟောပြောခဲ့သည်။ တက်ရောက် လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိ သူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)