လပွတ္တာမြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် ယာဉ်များအား စစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၇

ပြည်သူများ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပြီး ဘေးကင်းကွာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် ယာဉ်များအား စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရဦးဆောင်၍ မြို့နယ်ရဲမှူး ရဲမှူး မျိုးလွင်၊ အမှတ်(၈၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လပွတ္တာ မြို့နယ် အတွင်းရှိလမ်းဆုံနှင့် လူစည်ကားရာ​နေရာများတွင် အများပြည်သူ ဖတ်ရှုနိုင်စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပိုစတာများကို စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ လပွတ္တာမြို့မှ မြောင်းမြမြို့၊ ပုသိမ်မြို့နှင့် ရန်ကုန်မြို့များသို့ ထွက်ခွာကြမည့် မော်တော်ယာဉ် လိုင်းများနှင့် အငှားယာဉ်များအား ရှောင်တခင်စစ်ဆေး ဆောင်ရွက်ပြီး ယာဉ်ပေါ်ပါ ခရီးသည်များအနေဖြင့် ခရီးထွက်ခွာလျှင် နိုင်ငံသားကတ် တစ်ပါတည်း ယူဆောင်ပြီး ခရီးထွက်ခွာကြရန်၊ ယာဉ်ပေါ်မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မပြုကြရန်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ယာဉ်ပေါ်တွင် အမှိုက်ခြင်း များ ထားရှိဆောင်ရွက်ပေးရန်၊ ခရီးသည်လူစိမ်းများ ကြားဖြတ်တင်ဆောင်ခြင်း၊ တရားမဝင် ပစ္စည်းဟု ယူဆရသည်များကို လုံခြုံရေးအမြင်ဖြင့် မသင်္ကာပါက တာဝန်ရှိသူများထံ ချက်ချင်းသတင်းပို့ဆောင်ရွက်ကြရန်၊ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ယာဉ်မောင်းလိုင်စင်၊ ယာဉ်နောက်လိုက် လိုင်စင်များ ပါရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ မောင်းနှင်ကြရန် အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)