ဖျာပုံ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်ဘုတ်များကိုမြို့နယ် အတွင်းရှိ မြို့ဝင် မြို့ထွက်နှင့် လူစည်ကားရာလမ်းဆုံနေရာများတွင် ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံ စိုက်ထူခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်များစိုက်ထူရာတွင် ဖျာပုံခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ခင်မောင်လေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် အမှတ်(၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်နှင့် တပ်ဖွဲဝင်များက "ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်ဆင်ရမည်ဖြစ်ပြီး ဆိုင်ကယ်စီး ဦးထုပ်ကို သေချာစွာ တပ်ဆင်မောင်းနှင်ခြင်းမပြုပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်" ဟူသော မြေစိုက်နံရံကပ် ဘုတ်များအား မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်နှင့် လူစည်ကားရာလမ်းဆုံနေရာများတွင် စိုက်ထူခြင်းနှင့် အသိပညာပေး ဟောပြောခြင်းတို့ကို လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)