သရက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လည် (၁)နာရီက မုဆိုးရင်ကျေးရွာ၌ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်တစ်ခုခု ကိုင်ဆောင်ခွင့်ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆/၆၆) ပျောက်ဆုံးပျက်စီးသူများအတွက် ပုံစံအသစ်ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းအားနှင့် မုဆိုးရင်ကျေးရွာ မူလတန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်