ဂန့်ဂေါ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဂန့်ဂေါမြို့ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းရှိ ကလေးငယ်များအတွက် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်ဖြင့် အစားအစာများ ကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂန့်ဂေါမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးတို့က မူကြိုကျောင်းရှိ ကလေးငယ်များအား ချစ်ခင်နွေးထွေးစွာ အားပေးစကားပြောကြားပြီး ကလေးငယ် (၃၄) ဦးတို့၏ ယဉ်ကျေးလိမ်မာကဗျာများ သံပြိုင်ရွတ်ဆိုနှုတ်ဆက်ချင်းများကို ကြည့်ရှုအားပေးခဲ့ပြီး နောက် ကလေးငယ်များအား ကြက်ဥနှင့် မုန့်များကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)