နတ်မောက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုင်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား/ ကာမှူးက ‘လူငယ်နှင့်ခေါင်းဆောင်မှု’ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ လူငယ်များအားလုံးကို ကမ္ဘ့ာစံချိန်မီ ကျန်းမာစေရန်အရေးကြီးကြောင်း၊ ပညာပြည့်ဝ၍ဗဟုသုတကြွယ်၀ရန်၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကျယ်ပြန်စေပြီးအချင်းချင်း ရိုင်းပင်းကူညီ၍ ပညာသင်ကြားကြရန်၊ ခေါင်းဆောင်စိတ်မွေးမြူကြရန်နှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းတာဝန်ခံ ဆရာက ကျောင်းသား/ သူများ လိုက်နာရမည့် ကျောင်းစည်းကမ်းဆိုင်ရာကို ရှင်းလင်းဆွေးနွေးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက ကျောင်းတာဝန်ခံဆရာထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)