ရှမ်းရွာသစ် စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်းရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် ရေမြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉,၇၀၀,၀၀၀/-)ဖြင့် အရှည်(၃၂၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၃)ပေရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆,၃၃၀,၀၀၀)ဖြင့် အလျား(၂)ပေ(၈)လက်မ၊အနံ (၁)ပေ၊ (၆)လက်မ၊ အမြင့် (၄)လက်မရှိ မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ရေနုတ်မြောင်းများ ယခင်ကထက်ရေစီးရေလာပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလရောက်လျှင် တောင်ကျရေများစီးဆင်းပြီး ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်စေရးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊ တံတားလုပ်ငန်းများနှင့် အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းများကို လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)