ဘိုကလေး စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စက်တင်ဘာ (၆)ရက်နေ့ ညနေ(၄)နာရီ အချိန်၌ ဘိုကလေးမြို့အဝင် နတ်ချောင်း စစ်ဆေးရေးဂိတ်နှင့် အမှတ်(၁၈)လမ်းမ၊ ဘိုကလေး-စက်ဆန်း လမ်းဆုံတွင်ယာဉ် အန္တရာယ်ကင်း ရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်ရာတွင် အရည်အသွေးပြည့်မှီသည့် ဆိုင်ကယ်စီးဦးထုတ်များ စီးနင်းမောင်းနှင်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူရာ နေရာများနှင့် မြို့မအောက်ပိုင်း ဘောလုံးကွင်းအနီးတွင် မော်တော်ဆိုင်ကယ် စီးနင်းဖြတ်သန်းသွားကြသူများအား အရည်အသွေး ပြည့်မီသည့် ဆိုင်ကယ်စီး ဦးထုပ်များဆောင်းကာ စီးနင်းမောင်းနှင်ကြရန်၊ ဦးထုပ်ဆောင်းရာတွင်လည်း မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ရန်နှင့် နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်မဆမှုများ ဖြစ်ပွားရာ၌ ဆိုင်ကယ်စီးဦးထုပ်အား စနစ်တကျ မဆောင်းသဖြင့် အသက်ဆုံးရှုံးရပုံများအား အသိပညာပေးခဲ့ပြီး ဆိုင်ကယ်စီး ဦးထုပ် မဆောင်းဘဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များအား လာရာလမ်းသို့ ပြန်လှည့်၍ ဆိုင်ကယ်စီးဦးထုပ်ပြန်လည် ယူဆောင်စေခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)