ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၄င်းတို့မှမွေးဖွားသောအသက် ၂ နှစ်အောက်ကလေး များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဝါးခယ်မ  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသောအသက် ၂ နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရေကျော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင် မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါများကင်းဝေးစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊  ဂျပန်ဦးနှောက်ရောင်ရောဂါ၊ မေးခိုင်ရောဂါ၊  ဝက်သက်ရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးများကို လစဉ်ထိုးနှံပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာပေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရသည်။

ယင်းကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)