မြိတ်မြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တနင်္သာရီ တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

မြိတ် စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုပွဲအား မြိတ်တက္ကသိုလ်အနုပညာအသင်းဝင်များက အဖွင့်ရတနာမြေသီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့် လှစ်ခဲ့ကြသည်။ ထိုနောက် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများနှင့် ပြိုင်ပွဲအဖွဲ့ အုပ်ချုပ်သူ နည်းပြများနှင့် အဖွဲ့ဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြိတ်ခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး အောင်နိုင်ရေးကြီးကြပ်မှုအဖွဲ့ခေါင်းဆောင်က ပြိုင်ပွဲ အတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြောကြားပြီး မြိတ်တက္ကသိုလ် အနုပညာအသင်းဝင်များက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဂုဏ်ပြုဆုရရှိကြသော ပြိုင်ပွဲဝင်များအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအဖြစ် ဆက်လက်သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင်အဖွဲ့မှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)