မင်းဘူး စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ ၄၊ ၅၊ ၆ ရက်နေ့ များတွင် ဇီးအိုင်၊ ချောင်းကောက်၊ ထိန်တောကျေးရွာများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းဇင်မိုး၊ စီမံအဖွဲ့အတွင်းရေးမှူး ရဲမှူးလှိုင်ဝင်းနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ လိုက်ပါလျက် ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ဒေသများတွင် ဖြစ်ပေါ်နေသော အခက်အခဲများကိုသက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ညှိနှိုင်း၍ လျာထားချက်များနှင့်ကိုက်ညီသည့် လုပ်ငန်းများကို ကူညီဖြေရှင်း၍ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ စီမံအဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် နယ်မြေလုံခြုံရေး၊ အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နေ့မအား ညမနား အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသလို ကျေးရွာနေ ပြည်သူများဘက်ကလည်း လျှပ်စစ် မီတာခများ အချိန်မီပေးဆောင်ခြင်း၊ လယ်ယာစိုက်ပျိုးရေး ဘဏ်များမှ ချေးငွေများကိုလည်း ပြေကျေစွာ ပြန်လည်ပေးဆပ်ခြင်း၊ ကိုဗစ်-၁၉ရောဂါများ ပြန်လည် ဖြစ်ပွားနေပြီဖြစ်တဲ့အတွက် ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ဆောင်ရွက်ရာတွင်လည်း တတ်အားသမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)