ပေါက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ယနေ့နံနက် ၄ နာရီအချိန်ခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါက်မြို့၏ မြောက်ဘက်တွင်ရှိသော ပေါက်ချောင်းနှင့် မြို့လယ်အတွင်းဖြတ်သန်းစီးဆင်းသည့် ဆင်ဆာချောင်းများ ရေလျှံမှုဖြစ်ပွားကာ အောင်တော်မူ ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ၂ ပေမှ ၃ ပေခန့်အထိ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ချောင်းရေများဝင်ရောက်မှုကြောင့် အကူအညီလိုအပ်သည့် နေရာများအား ကူညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက လိုက်လံကြည့်ရှု စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းနှင့် နံနက် ၉ နာရီအချိန်တွင် ချောင်းရေများ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)