ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ဌာနနှင့် ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ မီးမလင်းသော လမ်းမီးတိုင်များတွင် LED မီးလုံးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများနှင့်အတူ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် မြို့ရှောင်လမ်းတစ်လျှောက် လမ်းမီးတိုင်များတွင် တပ်ဆင်ထားရှိသော လျှပ်စစ်မီးသီးများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/ မရှိ ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ညပိုင်း အလင်းရောင် ကောင်းစွာရရှိစေရေးအတွက် LED မီးသီးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ဗိုလ်ချုပ်လမ်းနှင့် မြို့ပတ်လမ်းတစ်လျှောက် ခုတ်ထွင်ရှင်းလင်းထားရှိသော သစ်ပင်သစ်ကိုင်းများနှင့် ကွန်ကရစ်အုတ်ကျိုးများကို အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် လိုက်လံသိမ်းဆည်းခြင်း၊ ပွင့်မာလာ ပန်းခြံအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊ ပန်းပင်များ အလှပုံဖော်ခြင်းနှင့် ရေဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် နေ့စဉ်မပျက် အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း အမှိုက်များလိုက်လံသိမ်းဆည်းပေးခြင်းနှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ အတွင်း အမှိုက်သရိုက်များနှင့် နုံးမြေများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )