မြောင် စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြောင်မြို့၊ မြို့မဈေးကြီး အတွင်းသို့ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့၊ နံနက်ပိုင်းက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
"ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဈေးကြီးအတွင်း ဈေးရောင်းသူ/ ဈေးဝယ်လာသူ ပြည်သူတွေကို နှာခေါင်းစည်းများ တပ်ဆင်ရောင်းဝယ်ကြဖို့ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ပေးနေတာပါ အခုဆိုရင် ကျွန်တော်တို့မြို့မှာက ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိလာပါပြီး ပြည်သူတွေအနေနဲ့ အထူးဂရု စိုက်ကြဖို့ တစ်ဦးတစ်ယောက်ကစပြီး ကျန်းမာရေး အသိပညာတွေ စနစ်တစ်ကျ လိုက်နာ ဆောင်ရွက်ကြမှ ကူးစက်ပြန့်ပွားမှုတွေ လျော့နည်းလာမှာပါ"ဟု မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ထင်မောင်မောင်က ပြောပြ၍သိရသည်။
မြောင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်စစ်ဆေး ရေးဂိတ်ထားရှိပြီး ကျန်းမာရေးများ စစ်ဆေးပေးသလို ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတ အဖွဲ့များမှလည်း အချက်အခြာကျသည့် နေရာများတွင် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
တင်ကိုကို(မြောင်)