ကရသူရိ စက်တင်ဘာ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ဒူးရင်းပင်ပျိုးထောင်ထားသူများသည် ယခုနှစ်တွင် ပျိုးပင်ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းကာ မိသားစုစားဝတ်နေရေးဖူလုံလျက်ရှိကြောင်းသိရသည်။
ဒူးရင်းပင်ကို ကိုင်းကူးစနစ်နှင့် အရိုင်းပင်ဟူ၍ နှစ်မျိုးခွဲခြားလျက်ရှိပြီး ဒေသခံအများစုက အရိုင်းပင်ကိုသာ အဓိကထားပျိုးထောင်လာမှုနှင့်ပတ်သက်ပြီး" ယခုနှစ်ကတော့ ဒူးရင်းသီး ဈေးကောင်း ရုံမဟုတ်ဘဲ အသားစားပြီးအစေ့ကို ပြစ်ချစရာမလိုလောက်အောင် ဒူးရင်းအစေ့ တစ်ပိဿာကို (၄၀၀၀)အထိဈေးကောင်းရရှိခဲ့ပါသေးတယ်။ ဒီလို ဒူးရင်းစေ့တွေကို ပစ်ချစရာမလို တဲ့အတွက် ပျိုးပင်တွေရှားလာမည်ဆိုတာကြိုသိနေလို့ ခုလိုပျိုးထောင်ထားဖြစ်တာပါ။ ပျိုးပင်တစ်နှစ်သား တစ်ပင်ကို(၁၀၀၀)ကျပ်ရရှိနေပြီး နှစ်စဉ်ပျိုးထောင် ရောင်းချသွားဖို့ရှိပါတယ်။ ထိုင်းမျိုးခေါ် (ကိုင်းကူး)မျိုးကတော့ တစ်ပင်ကို(၇၀၀၀)ကျပ်ဝန်းကျင်ရှိသဖြင့် ယခုလက်ရှိအနေ ဖြင့် ဝယ်ယူ သူနည်းပါးပြီး အရိုင်းမျိုးကို ဦးစားပေးပျိုးထောင်လာတာဖြစ်တယ်ဟု” ပျိုးထောင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ဒူးရင်းပင်ကို ဥယျာဉ်ခြံမြေ၊ တောင်ယာစိုက်ခင်းနှင့် အအေးဓာတ်ရသည့်နေရာတို့တွင် စိုက်ပျိုးကြပြီး တနင်္သာရီတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)