ဒေးဒရဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ကျေးရွာများရှိ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီက လေးအိမ်တန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာများက လေးအိမ်တန်းကျေးရွာလမ်းမနှင့် ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု များ၊ လေးအိမ်တန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင် ယူနေမှု၊ သောက်သုံးရေး ရရှိရေးနှင့် ကျောင်းလိုအပ်ချက်များကို မရှိစေရေး သက်ဆိုင်ရာပညာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးဝါးလိုအပ်ချက်မရှိစေရေးနှင့် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သောကြာကျေးရွာအုပ်စု၊ ဂွေးချောင်း ကျေးရွာရှိ ပင်လယ်ရေငန်တား တာဘောင်ကြံ့ခိုင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ရာ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း