ထားဝယ် စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ရဟန်း/သာမဏေ/သီလရှင်၂၅ပါး နှင့်အထက်ရှိသော ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း၊ သီလရှင်ကျောင်းများနှင့် ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိ သောလှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ရတနာမာန်အောင် သီလရှင်စာသင်တိုက်ရှိ သီလရှင်များအတွက် သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရတနာမာန်အောင် သီလရှင်စာသင်တိုက် ပဓာနနာယကသီလရှင် ဆရာကြီးထံသို့ သီလရှင်များအတွက် လိုအပ်လျက်ရှိသော သီလရှင်ဝတ်စုံများအားဆက်ကပ်လှူဒါန်းခဲ့ပြီး သီလရှင်ဆရာကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့တွင် သီလရှင်(၄၃၈)ပါးနှင့်၊ ရေဖြူ မြို့နယ်တွင်(၁)ပါး၊ သရက်ချောင်းမြို့နယ်တွင်(၂၇)ပါး၊ လောင်းလုံးမြို့နယ်တွင်(၃၇)ပါး၊ စုစုပေါင်းသီလရှင်(၅၀၃) ပါးတို့အတွက် ကျပ်သိန်း(၁၀၀)ကျော် တန်ဖိုးရှိ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ သီလရှင်များအတွက်ကျပ်သိန်း(၅၀)ကျော်တန်ဘိုးရှိ သီလရှင်ဝတ်စုံများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)