ပုလောမြို့နယ်၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပုလော    စက်တင်ဘာ       ၇

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ က ပုလောမြို့ အထက(၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အထက်တန်းပြဆရာမက ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဟောပြာရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော် က လူကုန်ကူးမှုဆိုသည်မှာ  လူကုန်ကူးမှု ပေါ်ပေါက်လာသည့်အကြောင်းအရာများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်း၍ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)