ပဲခူးမြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူး စက်တင်ဘာ ၇

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်မူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အမှတ်(၃၆) မူးယစ်တပ်ဖွဲ့စု၊ ပဲခူးမှ ရဲမှူး ဆန်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာများ၊ ဆေးခြောက်ပါဝင်ထုတ်လုပ်ထားသည့် ဆေးဝါးနှင့် လူသုံးကုန်/ စားသောက်ကုန်များအား သုံးစွဲဖြန့်ဖြူးမှု မရှိစေရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အမှတ်(၃၆) မူးယစ်တပ်ဖွဲ့စု၊ ပဲခူး ရဲမှူး ဆန်းထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်မူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၄၄)ဦး တက်ရောက်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)