ကျွန်းလှ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိခင်နှင့်ကလေးများအား ကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဘက်စုံသားဖွားဆရာမ ဒေါ်မြင့်မြင့်မိုးက မွေးစမှအသက်အပိုင်းအခြားအလိုက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေး၊ မိခင်နို့စနစ်တကျတိုက်ကျွေးရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အာဟာရဖြစ်အစားအစာများ စားသုံးရေးတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ကျွန်းလှမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ပြန်/ဆက်)