ကော့သောင်း စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းတိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများ တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမတွင် ဒေသဖွံ့ဖြိုးရေးညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်သည်။
အစည်းဝေးတွင် ဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးရေးကဏ္ဍတွင် စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ စီးပွားရေးကောင်းမွန်ရန်မှာ နိုင်ငံရေးတည်ငြိမ်အေးချမ်းရန်လိုအပ်ပါကြောင်း၊ အလားတူ လူသားအရင်းအမြစ်နှင့် နည်းပညာများလည်းဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ဒေသတွင်း ဝန်ဆောင်မှုကိုအခြေခံသည့်လုပ်ငန်းများတွင် မိမိဒေသအနေဖြင့် လိုအပ်ချက်တစ်ချို့ ရှိနေသဖြင့် တောင်သူလုပ်ငန်းရှင်များအနေဖြင့်စိုက်ပျိုးရေးကိုအခြေခံပြီး အကျိုးအမြန်ဆုံး ဖြစ်ထွန်းနိုင်မည့်သီးနှံများ ရွေးချယ်စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စက်ယန္တရားများ ဝယ်ယူဖြည့်တင်းမှုနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမှုများတွင် အမှန်တကယ်လုပ်ကိုင်မည့် တောင်သူများကိုစီစစ်ရွေးချယ်ရန်နှင့် ဓာတ်မြေသြဇာဖြန့်ဖြူးမည့် အစီအမံများတွင်လည်း သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာအနေဖြင့် ကြီးကြပ်ကြစေလိုပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ဒေသတွင်းဥစားကြက်နှင့်အသားစားကြက်များ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူကြရေးတိရစ္ဆာန်အစာနှင့် နည်းပညာများကို တာဝန်ရှိဌာနဆိုင်ရာများ အနေဖြင့် ပံ့ပိုးဖြည့်ဆည်း ပေးရန်လိုအပ်ပါကြောင်း၊ ဒေသရေတွက်ပစ္စည်းတစ်ခုဖြစ်သည့် ဂျင်းခရု မွေးမြူရေးနှင့် ထုတ်လုပ်ရောင်းဝယ်မှုကဏ္ဍတွင် အကျိုးဖြစ်ထွန်းမည့်နည်းလမ်းများကို သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့် ကြီးကြပ်စီမံဆောင်ရွက်ကြရေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ရသည့် ဌာန ဆိုင်ရာများဖြစ်သည့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအမံများအား တင်ပြဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးတောင်သူများ မွေးမြူရေး လုပ်ငန်းရှင်များက လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များ အခက်အခဲများအား အသီးသီးတင်ပြကြရာ ဝန်ကြီးမှ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)