ကရင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာမူလတန်းအရွယ်ကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဥတိုက်ကျွေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား ကြည့်ရှုအားပေး

ဘားအံ စက်တင်ဘာ ၇

နွားနို့သောက်သုံးခြင်းဖြင့် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွား၍ အရိုးအဆစ်များသန်မာစေရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေရေးအတွက် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဘားအံမြို့ပေါ် အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ် ကလေးငယ်များအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။

မူလတန်းအရွယ်ကလေးငယ်များ အာဟာရပြည့်ဝသော နွားနို့သောက်သုံးသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ယခုကဲ့သို့စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၄)မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၁၇၀ ဦး၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ KG တန်းနှင့် Grade-၁ တို့မှ ကျောင်းသား၊ကျောင်းသူ ၁၁၇ ဦးတို့ကို နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြကာ အဆိုပါကျောင်းများ၌ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်း၊ ပရိဘောဂ ပြည့်စုံ လုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း  စိန်ရတုခန်းမဆောင်၌  အသက်(၁၂)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  တတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးနေမှု၊ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ပေးနေမှုနှင့် ကာကွယ်ဆေးထိုးနှံပြီး ခေတ္တခဏစောင့်ဆိုင်းနေစေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)