သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြား

သာပေါင်း စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပန်းအလှထိုးနည်း သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်မှ ပန်းအလှထိုးနည်း သင်တန်း ဖွင့်လှစ်ပို့ချ ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူး၊ နည်းပြဆရာမ ဒေါ်ငြိမ်းငြိမ်းစိုးက ပန်းအလှထိုးနည်းစနစ် အဆင့်ဆင့်နှင့် အသုံးပြုပန်းအမျိုးအစားများ၊ အလှထိုးပန်း အောက်ခံပြားအမျိုးမျိုး အသုံးပြု အလှဆင်ပုံတို့ကို ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင် သင်တန်းသူ (၉)ဦးအား လက်တွေ့သရုပ်ပြ၍ နည်းစနစ်များ သင်ကြားပို့ချပေးခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်တို့က သုတ၊ ရသ စာအုပ်စာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းထံသို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း