ဘားအံ စက်တင်ဘာ ၇
မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ထင်ဟပ်ပေါ်လွင်စွာနှင့် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့သော ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မွန်ယိမ်းအက၊ ကဗျာလွတ်အက၊ အခြေခံပညာ (၁၅-၂၀)နှစ် အမျိုးသားအက၊ အမျိုးသမီးအက၊ အဆင့်မြင့်ပညာအမျိုးသားအက ပြိုင်ပွဲတို့တွင် ပထမဆုရရှိသူများ အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းဘေဘီမြင့်က ဝါသနာရှင်ဒုတိယတန်းအမျိုးသားအက၊ အခြေခံပညာ(၁၀-၁၅)နှစ် အမျိုးသားအက၊ အမျိုးသမီးအက၊ခေတ်ဟောင်းကာလပေါ်(အဆို)ပြိုင်ပွဲတို့တွင် ပထမဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက အခြေခံပညာ(၁၀-၁၅)နှစ် အမျိုးသား/အမျိုးသမီး ခေတ်ဟောင်းကာလပေါ်(အဆို)၊ မဟာဂီတပြိုင်ပွဲတို့တွင် ပထမဆုရရှိသူများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ပြိုင်ပွဲတွင် ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဒိုင်အဖွဲ့နှင့် အတီးပံ့ပိုးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများက ပြန်လည်တီးမှုတ်သီဆို ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အနုသုခုမ ဝါသနာရှင်၊ ပညာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဗဟိုအဆင့် ပြိုင်ပွဲကြီးတွင် ပြည်နယ်၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်သူများဖြစ်ကြစေရန် အောင်မြင်မှုများရသည်အထိ ကြိုးစား လေ့ကျင့်ယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)