နတ်တလင်း စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.မ.က သရက်တပင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က ကျောင်းသားကျောင်းသူများအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးချတတ်လာပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကိုပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးမှ ကျောင်းသား၊ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေး ပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသားကျောင်းသူလေးများအား အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်၊စာစောင်များကို ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ်နှစ်ပတ်ကြာ ငှားရမ်းပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပညာရေးဌာနနှင့် ပူပေါင်း၍ အခြေခံပညာကျောင်းများသို့ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး