မြောင်းမြမြို့ရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများ မရှိစေရန် စိစစ်ထိုးနှံပေး

မြောင်းမြ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန်အတွက် အခြေခံပညာကျောင်းများ တွင် စိစစ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးထိုး ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသက် ၅ နှစ် မှ ၁၂ နှစ် အရွယ်များအား sinopharm ကာကွယ်ဆေး ၃၃၆၇၉ ဦးနှင့် အသက် ၁၂ နှစ် မှ ၁၈ နှစ် အရွယ်များအား sinovac ကာကွယ်ဆေး ၁၆၈၄၂ ဦးတို့ကို ထိုးနှံပြီးစီးပြီး၊ ကျောင်းအပ်နှံပြီးသူ ကျောင်းသား၊ ကျောင်းသူ အားလုံး ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သိရသည်။ ယခုထိုးနှံနေသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကာကွယ်ဆေး ထိုးချိန်တွင် ဖျားနာနေသူများ၊ ကျောင်းပျက်၍ ကျန်ရှိနေသူများကို စိစစ်ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။

မြောင်းမြခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများအရောက် ကာကွယ်ဆေးထိုးနှံမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)