ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်း (တွဲဘက်) ဆုံကုန်းကျောင်း၌ စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်း (တွဲဘက်) ဆုံကုန်းကျောင်း၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာလ ၇ရက် နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေမှုများအကြောင်းတို့ကိုလည်းကောင်း၊ ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့်သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို လည်းကောင်း အသီးသီးရှင်းလင်း ဟောပြောကြသည်။

ယင်းနောက် တက်ရောက်လာသည့် ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်း (တွဲဘက်) ဆုံကုန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူရေးရာဆိုင်ရာ ဟောပြောမှုများအပေါ် နားလည်နိုင်မှု စွမ်းရည်အခြေအနေများ မေးမြန်းပြီး ဆုချီးမြှင့်ခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပြန်/ဆက်)