မြောင်းမြ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ဦးစီးဌာနက ကမ္ဘာ့စာတတ်မြောက်ရေးနေ့( International Literacy Day ) အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက အ.မ.က (မူလွန်) ဘုရားချောင်း (ရပ်)ကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ကျောင်းသားလူငယ်များ ပညာသင် ကြားစဉ်ကာလတွင် စာကိုကြိုးစားသင်ယူဖတ်မှတ်ရမှာ ဖြစ်သလိုပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတများကို မိမိတို့ရဲ့မိဘများ၊ စာသင်ကြားပေးသည့် ဆရာဆရာမများရဲ့ ဆိုဆုံးမမှုများမှ ရရှိမှာဖြစ်သလို၊ မိမိတို့ထက် အသက်အရွယ်ကြီးသူ၊ အတွေ့အကြုံများသူ၊ ပညာရည်မြင့်မား သူများထံမှလည်း ရရှိနိုင်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများ ကိုဖတ်ရှုခြင်းဖြင့် ရရှိနိုင်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ စာဖတ်သည့်လူနှင့် စာမဖတ်တဲ့လူ အသိပညာ ကြွယ်ဝမှုမှာ မတူကြောင်း စသည်ဖြင့် ဟောပြောပါသည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား စာအုပ်စာပေ စိတ်ဝင်စားချစ်မြတ် နိုးလာစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင် များကို ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာ ခဲ့ကြကြောင်း သိရသည်။
မြောင်းမြ(ခရိုင်ပြန်/ဆက်)