ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကိစ္စ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး စက်တင်ဘာ ၇

ချင်းပြည်နယ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေ (၁၀) ဘီလီယံ ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (၁၀) ဘီလီယံနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan များကို ရှင်းလင်းတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသည် အရင်း မပျောက် မတည်ပေးသည့် ချေးငွေဖြစ်သဖြင့် အဆိုပါ ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်မြင့်မားရေး လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်နိုင်အောင် ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်သလို ချေးငွေများ အချိန် မှန်မှန် ပြန်ဆပ်နိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့တွင် ရပ်ကွက်၊ ကျေးရွာမှ နှစ်ဦး၊ သုံးဦး ပါဝင်ဖွဲ့စည်းသင့်ကြောင်း အကြံပြု တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦး၊ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးထွန်းထွန်းနိုင်၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သူနှင့် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတမ်အောင်တို့က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် Action Plan များကို  Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဝင်းမြင့်နှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် အကြံပြုဆွေးနွေးတင်ပြကြ သည်။

ထို့နောက် ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့် စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က အကြုံပြုဆွေးနွေးကြပြီး ပြည်နယ်ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် က ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ယခုတင်ပြသည့် လုပ်ငန်းများသည် မြေပြင်အမှန် ဆောင်ရွက်နိုင် မည့် လုပ်ငန်းများဖြစ်ရန်လိုကြောင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်သွယ်၍ နောက်ထပ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ မကျန်အောင် ဆောင်ရွက်ရန်လိုကြောင်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲရာ တွင်လည်း ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးစသည်ဖြင့် ခွဲခြားပေးရန်လိုကြောင်းဖြင့် အကြံပြုဖြည့်စွက်ဆွေးနွေးရာ တင်ပြဆွေးနွေးချက်များအပေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က အကြုံပြု ဖြည့်စွက်ဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)