ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျုံပျော် စက်တင်ဘာ ၇

ပြည်သူများ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်လမ်းစည်းကမ်း လိုက်နာပြီး ဘေးကင်းကွာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ယာဉ်စည်းကမ်း ပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဦးဆောင်၍ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အထောင်မြို့၊ မြို့အ၀င်ဆိုင်းဘုတ်အနီးနှင့် ရေတံခွန်ဘုန်းတော်ကြီးကျောင်းရှေ့တို့တွင် အများပြည်သူ ဖတ်ရှု နိုင်စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပိုစတာများကို စိုက်ထူပြီး မော်တော်ယာဉ်များအား စစ်ဆေးကာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မောင်းနှင်ရန်နှင့် ယာဉ်တွင်ပါရှိရမည့် အချက်အလက်များ ပြည့်စုံစွာ ပါရှိရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး ပိုစတာတွင် ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မှီသည့် ဆိုင်ကယ်စီး ဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်၍ ဆောင်းရန်နှင့်၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းပဲမောင်းလျှင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိကြောင်းတို့ကို မှတ်တမ်းဓာတ်ပုံများနှင့် ပညာပေးဖော်ပြ ထားကြောင်း၊ ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှုများထဲတွင် ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးမှုသည် အထူးများပြားပြီး၊ ထိုအထဲတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ စီးနင်းသူထက် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းပဲ စီးနင်းသူက သေဆုံးမှု (၃)ဆကျော် ပိုမိုများပြားကြောင်း သိရ သည်။

R-035 (ကျုံပျော်)