နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နတ်တလင်း  စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး​၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုများ၊ ကျေးရွာမီးလင်းရေးကိစ္စများ၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)