ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကသာ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျောင်းသား လူငယ်ကလေးများ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားစေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိရှိနားလည်ပြီး ရှောင်ကြဉ်တတ်ကြစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးက စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူလေးများက ရုံးအတွင်းပြသထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်နံရံကပ်ပိုစတာနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။

ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗဟုသုတတိုးပွားစေရန်အတွက် ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းပြိုင်ပွဲများနှင့် အသိပညာပေး Talk Show များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ကသာ)