ရေတာရှည်မြို့နယ်၌ သံပန်း သံဂဟေဆက်သင်တန်းဖွင့်လှစ်

ရေတာရှည် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း သံဂဟေဆက်သင်တန်း အမှတ်စဉ် (၂/၂၀၂၂)  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ထို့​နောက် မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း သံဂဟေဆက်သင်တန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သင်တန်းကာလ (၂၀) ရက်ကြာ ဖွင့်လှစ်သင်ကြား​ပေးမည်ဖြစ်ပြီး  သင်တန်းသား (၂၀) ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)