ပုသိမ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များက ပုသိမ်မြို့အဝင် ကိုးဆူစစ်ဆေးရေး ဂိတ်၊ ပုသိမ်-ချောင်းသာ-ငွေဆောင်ကားလမ်းဆုံနှင့် ပုသိမ်-စိန်ကုန်း-ငွေဆောင်ကားလမ်းဆုံတို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆိုင်းဘုတ်များ စုပေါင်းစိုက်ထူခဲ့ကြပြီး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်စေခြင်း၊ ဆိုင်ကယ် မောင်းနှင်သူများအား အရည်အသွေးပြည့်ဝ သည့် ဆိုင်ကယ်စီးဦးထုပ်များအသုံးပြု၍ မေးသိုင်းကြိုး တပ်ဆင်စီးနင်းစေခြင်း၊ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်း လိုင်စင်များ စစ်ဆေးခြင်း၊ ပြည်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask (၂၁၀၀) ခုအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်