အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း

အုတ်တွင်း စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.လ.က(ခွဲ) ပဲကြီးခုံ၊ အ.မ.က(မူလွန်) တဲကြီးကုန်းကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာမှ ကလေးငယ်များအား စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးရန်မသင့်သော အစားအစာများနှင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ကိုယ်ကာယ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်​များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများ ရရှိစေရန် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)