ပုသိမ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန (Community Centre) ခန်းမတွင် တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် လှုပ်ရှားမှု အနေဖြင့် "လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အား ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show တွင် အပြည်ပြည်ဆိုင်ရာလေထုနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင့်မွန်မွန်အိက ၂၀၁၉ ခုနှစ် တွင် ကျင်းပပြုလုပ်ခဲ့ သည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်၊ (၇၄/၂၀၁၉)အရ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများ၊ အကျိုးသက်ရောက်မှုများနှင့် လေထုအရည်အသွေးကို တိုးတက်လာ စေရေးအတွက် ဖြေရှင်းရမည့် နည်းလမ်းများကို ပိုမိုသိရှိ လာစေရန် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air For Blue Skies)ကို နှစ်စဉ်စက်တင်ဘာ (၇)ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများနှင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကိုလည်းကောင်း၊ လေထုညစ်ညမ်းမှု အမျိုးအစားများ၊ လေထုညစ်ညမ်းမှု၏ အရင်းအမြစ် များနှင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် ပြည်ထောင်စု နယ်မြေအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများမှ လေထု ညစ်ညမ်းမှုများကို အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူခြင်း၊ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကျင်းပခြင်း၊ လူမှုကွန်ယက်စာမျက်နှာများတွင် အသိပညာများမျှဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
မြင့်ဟန်