ရေဦး စက်တင်ဘာ ၇
ပြန်ကြားရေး၀န်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး “ကျောင်းသားကျောင်းသူများ ပါ၀င်ယှဉ်ပြိုင်လိုစိတ်ရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ခင်မှုရရှိစေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်” စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အကဲဖြတ်အမှတ်ပေးမည့်ပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆို ပြိုင်ပွဲကိုကျင်းပရာ ကျောင်းသားကျောင်းသူ ၁၂ ဦးပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ (၅)ဦးအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းထိုက် (ပြန်/ဆက်)