သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲတိုက်နယ်၊ ကျေးရွာ(၅)ရွာတွင် (NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်း

သဲကုန်း စက်တင်ဘာ ၁၄


နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အစီ အစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ   ကျေးရွာ (၁၂၆)ရွာအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်တွင်(၂)မိုင်အတွင်း ကျေးရွာများ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီခွဲက ဆင်မြီးဆွဲနယ်မြေ သဲဆည်ကျေးရွာတွင် ကျေးရွာ(၅)ရွာ မီးလင်းရေး အောင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ အခမ်းအနားအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ တိုင်ဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းနှင့် ဆင်မြီးဆွဲမြို့ လျှပ်စစ်မှူး ဦးကျော်ဌေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စိုးဝင်း တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး ဆင်မြီးဆွဲမြို့လျှပ်စစ်မှူး ဦးကျော်ဌေးက NEP စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များအား အသိပညာပေး ပြောကြားခဲ့ရာ ကျေးရွာမီးလင်းရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးနန်းကြိုင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
သဲကုန်းမြို့နယ် ဆင်မြီးဆွဲနယ်မြေတွင် (၂)မိုင်အတွင်း မီးလင်းမည့်  ကျေးရွာ(၃၂)ရွာရှိပြီး စက်တင်ဘာ လတွင် (၁၆)ရွာ မီးလင်းပေးနိုင်ခဲ့ရာ မီးလင်းရန်ကျန်ရှိသည့် (၁၆)ရွာအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)