ပေါက်ခေါင်း စက်တင်ဘာ ၆
ဒေသခံပြည်သူများနှင့်ခရီးသွားများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများကို ဆက်လက်လိုက်နာဆောင်ရွက် သွားလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးရှေ့၊ ဈေးအတွင်းနှင့်မြို့လယ် လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းများကို ဌာနများစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ လဝက၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရီးသွားလာပြည်သူများအား ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲ BA-4, BA- 5 တွေ့ရှိမှုနှင့်ပတ်သက်၍ အသိပေးပြောကြားခြင်း၊ အပြင်သို့သွားလာရာနှင့် လူထူထပ်သောနေရာများသို့ သွားလာရပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြပါရန် ပြောကြားပြီး၊ Mask Campaign အဖြစ် ခရီးသွားလာပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)