မင်းဘူး စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက် တောရွာနေ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ချောင်းကောက်ကျေးရွာသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းဇင်မိုးက နိုင်ငံတော်မှ ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့မှုများ ပေးနေသကဲ့သို့ မိမိတို့ အဖွဲ့အနေဖြင့်လည်း ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများ၏ လုံခြုံရေး၊ အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အစဉ် ဂရုတစိုက် အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ကျေးရွာနေ ပြည်သူများကလည်း ဝိုင်းဝန်း ကူညီကြစေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှိုင်ဝင်းက မကြာမီ ကာလများတွင် ရွေးကောက်ပွဲ ကျင်းပပေးတော့မှာ ဖြစ်ရာ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးတို့အတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းကို ကူညီ ဆောင်ရွက်ပေးလိုကြောင်းနှင့် ရပ်ရွာအတွင်း မှုခင်းကျဆင်းအောင် အထူးဂရုပြု နေထိုင်ရေးတို့ကိုလည်းကောင်း၊ မြို့နယ် လ.ဝ.က မှူး ဦးဇော်မိုးသက်က (၆၆/၆) များကို တိုက်ဆိုင်စိစစ်၍ စာရင်းရေးသွင်းနေမှုများကိုလည်းကောင်း၊ ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးနေမှုများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လ/ထ ဦးစီးမှူး ဦးဇော်မင်းသူက စိုက်ပျိုးရေးကဏ္ဍ ဆေးသုံးစွဲရာတွင် အလေအလွင့်နှင့် ဆုံးရှုံးမှု မများစေရန် သိကျွမ်း နားလည်သူများကို မေးမြန်းပြီး စနစ်တကျ သုံးစွဲကြစေလိုကြောင်းနှင့် သက်ဆိုင်ရာ ဌာနများမှ ဌာနအကြီးအကဲများက မိမိတို့လုပ်ငန်း တာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)